12
စပျစ်ဥယျာဉ်သီးစားများပုံဥပမာ
(မ၊ ၂၁:၃၃-၄၆။ လု၊ ၂၀:၉-၁၉)
1 ထိုနောက်ကိုယ်တော်သည်သူတို့အား ပုံဥပမာ ဆောင်၍မိန့်ကြားတော်မူ၏။ ကိုယ်တော်က ``လူ တစ်ယောက်သည်စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ ခြံဝင်းကာ၏။ စပျစ်သီးနယ်ရာကျင်းကိုတူး ၍မျှော်စင်ကိုဆောက်လုပ်၏။ ထိုနောက်သူသည် ဥယျာဉ်ကိုခြံသမားတို့အား သီးစားချ၍ နိုင်ငံရပ်ခြားသို့ထွက်သွား၏။-✡ ဟေရှာ၊ ၅:၁-၂။ 2 အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍ ဥယျာဉ်သီးခွန်ကိုတောင်း ခံစေ၏။- 3 ခြံသမားတို့သည်ထိုကျွန်ကိုဖမ်းဆီးရိုက်နှက် ပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။- 4 ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကိုတစ်ဖန် စေလွှတ်ပြန်၏။ ခြံသမားတို့သည်ထိုကျွန်၏ဦး ခေါင်းကိုရိုက်နှက်၍ အရှက်တကွဲအကျိုးနည်း အောင်ပြုကြ၏။- 5 ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကို စေလွှတ်ပြန်သော် ခြံသမားတို့သည်သူ့ကို သတ်ကြ၏။ အခြားများစွာသောကျွန်တို့ကို လည်း ဤနည်းတူပင်ရိုက်သူကိုရိုက်၊ သတ်သူ ကိုသတ်ကြ၏။- 6 ဥယျာဉ်ရှင်မှာတစ်ဦးတည်းသောချစ်သားကို သာစေလွှတ်ရန်ကျန်တော့၏။ သို့ဖြစ်၍သူသည် `ငါ့သားကိုထိုသူတို့လေးစားကြရာ၏' ဟု ဆိုလျက်နောက်ဆုံးတွင်မိမိ၏သားကိုစေလွှတ် လိုက်၏။- 7 သို့ရာတွင်သူတို့က ``ဤသူသည်ဥယျာဉ်ရှင် ၏အမွေစားအမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ သို့မှသာဥယျာဉ်ကိုငါတို့ ရရှိကြလိမ့်မည်'' ဟုအချင်းချင်းပြောလျက်၊- 8 သူ့ကိုဖမ်း၍သတ်ပြီးလျှင်ဥယျာဉ်အပြင် သို့ထုတ်ပစ်လိုက်ကြ၏။
9 ``ထိုအခါဥယျာဉ်ရှင်သည်အဘယ်သို့ပြုလိမ့် မည်နည်း။ သူသည်လာ၍ခြံသမားများကို သုတ်သင်ဖျက်ဆီးပြီးသော် စပျစ်ဥယျာဉ်ကို အခြားသူတို့အားပေးအပ်လိမ့်မည်။
10 `တိုက်တည်သူတို့ပယ်ထားသောကျောက်သည်
အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။✡ ဆာ၊ ၁၁၈:၂၂-၂၃။
11 ဤအမှုသည်ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏၊
ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ'
ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူးကြ ပါသလော'' ဟုမိန့်တော်မူ၏။
12 ယုဒအမျိုးသားခေါင်းဆောင်တို့သည်မိမိတို့ ကိုရည်ဆောင်၍ ဤပုံဥပမာကိုမိန့်တော်မူ ကြောင်းသိသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြ၏။ သို့ရာတွင်လူပရိသတ်ကို ကြောက်သောကြောင့်အထံတော်မှထွက်သွား ကြ၏။
အခွန်တော်ဆက်မှုပြဿနာ
(မ၊ ၂၂:၁၅-၂၂။ လု၊ ၂၀:၂၀-၂၆)
13 ထိုနောက်သူတို့သည်ဖာရိရှဲအချို့နှင့် ဟေရုဒ် ပါတီဝင်အချို့တို့ကိုအထံတော်သို့စေလွှတ် ကြ၏။- 14 ထိုသူတို့သည်အထံတော်သို့လာ၍ ``ဆရာတော်၊ အရှင်သည်မှန်သောစကားကိုသာပြောတတ် ပါ၏။ လူတို့အဘယ်သို့ထင်မှတ်ကြသည်ကို အရေးမစိုက်။ လူ့မျက်နှာကိုမထောက်ဘဲဘုရား သခင်၏တရားလမ်းကိုဟုတ်မှန်သည့်အတိုင်း သွန်သင်တော်မူကြောင်းအကျွန်ုပ်တို့သိပါ၏။ ရောမဧကရာဇ်မင်းအားအခွန်ဆက်အပ်ပါ သလော၊ မဆက်အပ်ပါသလော။ အကျွန်ုပ်တို့ သည်အခွန်ဆက်ရမည်လော၊ မဆက်ရမည် လော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
15 ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကိုသိတော် မူသဖြင့် ``သင်တို့သည်ငါ့အားအဘယ်ကြောင့် အပြစ်ရှာလိုကြသနည်း။ ဒင်္ဂါးတစ်ပြားကိုငါ ကြည့်ဖို့ယူခဲ့ကြလော့'' ဟုမိန့်တော်မူ၏။
16 သူတို့ယူခဲ့ကြလျှင်ကိုယ်တော်က ``ဤရုပ်ပုံ၊ ဤကမ္ပည်းလိပ်စာသည်မည်သူ့ရုပ်ပုံ၊ မည်သူ့ ကမ္ပည်းလိပ်စာဖြစ်သနည်း'' ဟုမေးတော်မူ၏။
သူတို့က ``ဧကရာဇ်မင်း၏ရုပ်ပုံ၊ ဧကရာဇ်မင်း၏ ကမ္ပည်းလိပ်စာဖြစ်ပါသည်'' ဟုပြန်၍လျှောက်ကြ၏။
17 သခင်ယေရှုက ``ဧကရာဇ်မင်းပိုင်သည့်အရာကို ဧကရာဇ်မင်းအားဆက်ကြလော့။ ဘုရားသခင်ပိုင် သည့်အရာကိုဘုရားသခင်အားဆက်ကြလော့'' ဟုထိုသူတို့အားမိန့်တော်မူလျှင်သူတို့သည် အံ့သြကြ၏။
သေခြင်းမှထမြောက်ခြင်းပြဿနာ
(မ၊ ၂၂:၂၃-၃၃။ လု၊ ၂၀:၂၇-၄၀)
18 သေခြင်းမှထမြောက်ရှင်ပြန်ခြင်းမရှိဟုအယူ ရှိသောဇဒ္ဒုကဲအချို့တို့သည် အထံတော်သို့ ချဉ်းကပ်၍၊-✡ တ၊ ၂၃:၈။ 19 ``ဆရာတော်၊ `လူတစ်စုံတစ်ယောက်သည်သားသမီး မရဘဲသေဆုံးသွားလျှင် ကျန်ခဲ့သည့်ဇနီးကိုညီ ဖြစ်သူကဆက်ခံထိမ်းမြားရမည်။ အစ်ကို၏အမျိုး အနွယ်ကိုသူ၏ကိုယ်စားတိုးပွားစေရမည်' ဟု အကျွန်ုပ်တို့အားမောရှေမိန့်မှာခဲ့ပါသည်။-✡ တရား၊ ၂၅:၅။ 20 အခါတစ်ပါး၌ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုကြီးသည်အိမ်ထောင်ကျသော်လည်းသား သမီးမရဘဲ၊- 21 သေသွားသောအခါသူ့ညီအကြီးဆုံးသည် မရီး ဖြစ်သူကိုဆက်ခံသိမ်းပိုက်၏။ ထိုညီသည်လည်း သားသမီးမရဘဲသေပြန်၏။ ထိုနည်းတူဒုတိယ ညီသည်လည်းသားသမီးမရဘဲသေပြန်၏။- 22 ဤသို့လျှင်ညီအစ်ကိုခုနစ်ယောက်စလုံး သားသမီးမရဘဲသေကြ၏။ နောက်ဆုံး၌ အမျိုးသမီးလည်းသေ၏။- 23 ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက် ခဲ့ကြသည်ဖြစ်၍ရှင်ပြန်ထမြောက်ရာနေ့၌ ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
24 သခင်ယေရှုက ``သင်တို့သည်ကျမ်းစာတော်ကို နားမလည်ကြ။ ဘုရားသခင်၏တန်ခိုးတော် အကြောင်းကိုလည်းမသိကြ။ သို့ဖြစ်၍အယူ လွဲလျက်နေကြ၏။- 25 လူတို့သည်သေခြင်းမှထမြောက်ကြသောအခါ ထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ဘဲ ကောင်းကင် ဘုံရှိကောင်းကင်တမန်များကဲ့သို့ဖြစ်ကြလိမ့် မည်။- 26 သေလွန်သူတို့ထမြောက်ရှင်ပြန်ရကြောင်းကို ဖော်ပြသော မောရှေကျမ်းကိုမဖတ်ဖူးကြပါ သလော။ အဆိုပါကျမ်းတွင်မီးလျှံထွက်သည့် ချုံအကြောင်းဆိုင်ရာစာပိုဒ်၌ ဘုရားသခင် က `ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟု မောရှေအားမိန့်တော်မူကြောင်းပါရှိ၏။-✡ ထွ၊ ၃:၆။ 27 ထိုအရှင်သည်သေလွန်သူတို့၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့သည်လွန်စွာမှအယူလွဲလျက်နေကြ လေပြီတကား'' ဟုမိန့်တော်မူ၏။
ကြီးမြတ်သောပညတ်တော်
(မ၊ ၂၂:၃၄-၄၀။ လု၊ ၁၀:၂၅-၂၈)
28 ယင်းသို့သခင်ယေရှုနှင့်ဇဒ္ဒုကဲတို့အခြေအတင် ပြောဆိုနေကြစဉ် ကျမ်းတတ်ဆရာတစ်ယောက်သည် အနီးအပါး၌ရှိနေ၏။ သူတို့အားသခင်ယေရှု လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုကြား သဖြင့် ရှေ့တော်သို့လာ၍ကိုယ်တော်အား ``ပညတ် ရှိသမျှတို့တွင်အဘယ်ပညတ်သည်အကြီးမြတ် ဆုံးဖြစ်ပါသနည်း'' ဟုမေးလျှောက်ကြ၏။✡ လု၊ ၁၀:၂၅-၂၈။
29 သခင်ယေရှုက `အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောဘုရား ဖြစ်တော်မူ၏။-✡ တရား၊ ၆:၄-၅။ 30 သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှဖြင့်ချစ်ရမည်' ဟူသောပညတ်သည် ပထမအကြီးမြတ်ဆုံးပညတ်ဖြစ်၏။- 31 `အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ်ရမည်' ဟူ သောပညတ်သည်ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက်ပို၍ကြီး မြတ်သောပညတ်ကားမရှိ'' ဟုဖြေကြားတော် မူ၏။✡ ဝတ်၊ ၁၉:၁၈။
32 ကျမ်းတတ်ဆရာက ``ဆရာတော်၊ အရှင်မိန့်တော်မူ ချက်သည်သင့်မြတ်လှပါ၏။ ထာဝရဘုရားသည် တစ်ဆူတည်းသာရှိတော်မူ၏။ ထာဝရဘုရားမှ တစ်ပါးအခြားဘုရားမရှိ။-✡ တရား၊ ၄:၃၅။ 33 ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။✡ ဟော၊ ၆:၆။
34 ထိုသူသည်ဤသို့အသိပညာနှင့်လျှောက်ထား သည့်အတွက် သခင်ယေရှုက ``သင်သည်ဘုရား သခင်၏နိုင်ငံတော်နှင့်မဝေးတော့ပြီ'' ဟု မိန့်တော်မူ၏။
ထိုနောက်မည်သူမျှကိုယ်တော်အားထပ်မံ၍ မမေးမလျှောက်ဝံ့ကြ။
မေရှိယပြဿနာ
(မ၊၂၂:၄၁-၄၆။ လု၊၂၀:၄၁-၄၄)
35 သခင်ယေရှုသည်ဗိမာန်တော်တွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``မေရှိယသည် ဒါဝိဒ်၏သားမြေးဖြစ်သည်ဟုအဘယ် ကြောင့်ကျမ်းတတ်ဆရာတို့ဆိုကြသနည်း။
36 `သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါရောက်စေမည်။
သို့မရောက်စေသေးမီကာလအတွင်း ငါ၏လက်ယာဘက်တွင်ထိုင်နေလော့ဟု
ထာဝရဘုရားကငါ့အရှင်အားမိန့်တော်မူ၏'
ဟုသန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက် ဖြင့်ဒါဝိဒ်မင်းမြွက်ဆိုခဲ့၏။✡ ဆာ၊ ၁၁၀:၁။
37 ဤသို့ဆိုရာတွင်ဒါဝိဒ်မင်းကိုယ်တိုင်ပင် မေရှိယ ကို `အရှင်' ဟုခေါ်သည်ဖြစ်ရာ အသို့လျှင်မေရှိယ သည်ဒါဝိဒ်၏သားမြေးဖြစ်နိုင်ပါမည်နည်း'' ဟု မိန့်တော်မူ၏။ လူပရိသတ်ကြီးသည်ကိုယ်တော်၏ စကားတော်ကို အားရရွှင်လန်းစွာကြားနာကြ၏။
ကျမ်းတတ်ဆရာတို့ကိုရှောင်ရန် သတိပေးတော်မူခြင်း
(မ၊၂၃:၁-၃၆။ လု၊၂၀:၄၅-၄၇)
38 ဤသို့ဟောပြောသွန်သင်လျက်နေတော်မူစဉ် ကိုယ်တော်က ``ကျမ်းတတ်ဆရာတို့ကိုသတိ နှင့်ရှောင်ကြလော့။ သူတို့သည်ဝတ်လုံများကို ဝတ်၍ပလွှားသွားလာလိုကြ၏။ စျေးရပ်ကွက် တွင်အလေးပြုခြင်းကိုခံလိုကြ၏။- 39 တရားဇရပ်များတွင်သီးသန့်ထားသောနေရာ များကိုလည်းကောင်း၊ ပွဲသဘင်များတွင်အကောင်း ဆုံးသောနေရာထိုင်ခင်းများကိုလည်းကောင်းနှစ် သက်ကြ၏။- 40 မုဆိုးမများ၏အိမ်များကိုမတရားသိမ်းယူ ပြီးလျှင် လူကြားကောင်းစေရန်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့သည်ပို၍ ကြီးလေးသောအပြစ်ဒဏ်ကိုခံရကြလတ္တံ့'' ဟု မိန့်တော်မူ၏။
မုဆိုးမ၏အလှူငွေ
(လု၊၂၁:၁-၄)
41 သခင်ယေရှုသည်ဗိမာန်တော်အလှူခံသေတ္တာရှေ့ တွင်ထိုင်လျက် ထိုသေတ္တာထဲသို့ လူတို့ငွေများ ထည့်ဝင်လှူဒါန်းကြသည်ကိုကြည့်ရှုတော်မူ၏။ များစွာသောသူဌေးသူကြွယ်တို့သည်ငွေ အမြောက်အမြားထည့်ဝင်လှူဒါန်းကြ၏။- 42 ဆင်းရဲသောမုဆိုးမတစ်ယောက်သည်လည်းလာ ၍ ဆယ်ပြားခန့်တန်သောကြေးပြားနှစ်ပြားကို အလှူခံသေတ္တာထဲသို့ထည့်၏။- 43 ထိုအခါကိုယ်တော်သည်တပည့်တော်တို့ကို ခေါ်တော်မူပြီးလျှင် ``ဤဆင်းရဲသောမုဆိုးမ သည်ဗိမာန်တော်အလှူခံသေတ္တာထဲသို့ထည့်ဝင် လှူဒါန်းကြသောသူအပေါင်းတို့ထက် ပို၍ ထည့်ဝင်လှူဒါန်းလေပြီဟုသင်တို့အား အမှန်အကန်ငါဆို၏။- 44 ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံများကို လှူကြပေသည်။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပေးလှူ သတည်း'' ဟုမိန့်တော်မူ၏။